တစ်နေ့တခြား လိင်စိတ်ဆန္ဒ လျော့နည်းလာနေတာ ဘာကြောင့်လဲ
လူတစ်ယောက် ကျန်းမာနေတဲ့အခါ ပုံမှန်အားဖြင့် လိင်စိတ်ဆန္ဒကို အတိုင်းအတာတစ်ခုအထိ ရှိပြီး ကာမသုခကို အပြည့်အဝ ရရှိနိုင်တယ်ဆိုပေမယ့် လိင်စိတ်ဆန္ဒ နည်းလာပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေတယ်ဆိုတာကို သိနိုင်ပါတယ်။
ယောက်ျားလေးတွေမှာ လိင်စိတ်ဆန္ဒနည်းလာခြင်းရဲ့ အကြောင်းရင်းတွေကတော့
- ကျားဟော်မုန်း နည်းလာတာ
- စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များနေတာ
- နာကျင်မှုဝေဒနာတစ်မျိုးမျိုး ခံစားနေရတာ
- ရောဂါတွေကို ကုသဖို့ ဆေးပြင်းတွေ စွဲသောက်နေရတာ
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲနေတာ
- အိပ်စက်မှုဆိုင်ရာ ကျန်းမာရေးပြဿနာရှိနေတာ
- ဆီးချို၊ သွေးတိုးရောဂါရှိနေတာ
- ကိုယ်အလေးချိန်များပြီး အဝလွန်နေတာ
- လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတာ
- မတော်တဆမှုတစ်ခုခုကြောင့် စိတ်ဒဏ်ရာကျန်ခဲ့တာ စတာတွေပဲ ဖြစ်ပါတယ်။
မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက်စာရင် ဟော်မုန်းမျှခြေ ပျက်ယွင်းတာပိုများသလို ခန္ဓာဗေဒကျန်းမာရေး အကြောင်းအမျိုးမျိုးကြောင့် လိင်စိတ်ဆန္ဒ နည်းခြင်း၊ များခြင်းဟာ မကြာခဏ ပြောင်းလဲလေ့ရှိပါတယ်။ ပုံမှန်အားဖြင့်
- လိင်ဆက်ဆံတဲ့အခါ နာကျင်မှုဝေဒနာ ခံစားရတာ
- အဆစ်အမြစ်ရောင်ရောဂါ၊ ကင်ဆာရောဂါ၊ သွေးကြောပြဿနာ၊ ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာတွေ ခံစားနေရတာ
- ရာသီစက်ဝန်း မမှန်ကန်တာ
- နေထိုင်စားသောက်မှုပုံစံ မမှန်ကန်တာ
- တစ်နေ့တာမှာ အမြဲလိုလို ပင်ပန်းနုန်းချိနေတတ်တာ
- သွေးဆုံးသွားပြီးချိန်
- ကိုယ်ဝန်ဆောင်နေစဉ်နဲ့ နို့တိုက်နေစဉ်
- လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာ
- မဟော်မုန်းနည်းပြီး ကျားဟော်မုန်းများနေတာ
- စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ခံစားနေရတာ
- အချစ်ရေး၊ လူမှုရေးအဆင်မပြေတာ စတဲ့ အကြောင်းရင်းတွေကြောင့် လိင်စိတ်နည်းလာနိုင်ပါတယ်။
လိင်စိတ်နည်းလာခြင်းဟာ ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိတဲ့တိုင်အောင် ကိုယ့်ရဲ့နေစဉ် လိင်မှုဘဝနဲ့ အိမ်ထောင်ရေးအပေါ် ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် ကိုယ့်မှာဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်ရသူမှာ လိင်စိတ်ဆန္ဒ နည်းနေတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။
ဆရာဝန်တွေဘက်ကနေ
- စိတ်နဲ့ခန္ဓာ ကျန်းမာရေးစစ်ဆေးပေးခြင်း
- အကြောင်းရင်းခံ ပြဿနာကို ကုသထိန်းချုပ်ပေးခြင်း
- ရောဂါသောက်ဆေး ပြောင်းလဲပေးခြင်း
- စိတ်ပိုင်းဆိုင်ရာ ကုထုံးများပေးခြင်း
- အချစ်ရေးအဆင်မပြေမှုများအတွက် တိုင်ပင်ဆွေးနွေးခြင်း
- ဟော်မုန်းအစားထိုးကုသမှု ခံယူစေခြင်း စတာတွေကို အကြံပေးနိုင်ပါတယ်။
အခြားနေထိုင်စားသောက်မှုပုံစံတွေအနေနဲ့
- အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ
- အစာအာဟာရ ပြည့်ဝအောင် စားသုံးပါ
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
- စိတ်ဖိစီးမှုကို လျှော့ချပါ
- အကောင်းဘက်ကို ပိုမြင်၊ တွေးပေးပါ
- အရက်၊ ဆေးလိပ် လျှော့သောက်ပါ
- မူးယစ်ဆေးဝါး ဖြတ်ပါ
ကိုယ့်မှာ ပြဿနာရှိနေတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ပဲ အကြံပေးပါရစေခင်ဗျာ။
ရဲမျိုးမြတ်